တစ်ချို့ လူတွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သနားစရာလူတစ်ယောက်မဟုတ်ဘူး ဆိုတာကို တရုတ်ကြီး ပြောတဲ့စကားနဲ့ ပြောရဦးမယ်။
ဒီစကားကို တဆင့်ဖေါက်သည်ပြန်ချတဲ့ သူငယ်ချင်း ကိုမြှားနတ်မောင်ကို ကျေးဇူးတင်ပါတယ်...။
ဒီလို ဒီလို...
ကျွန်တော်တို့ ငယ်ငယ်တုန်းက နယ်လှည့်ရုပ်ရှင်တွေကြည့်ရတယ်မဟုတ်လား။ ကွင်းပြင်ထဲမှာ ဇာတ်လမ်း ရုပ်ရှင်ကနေ ပိတ်ကားကြီးထောင်ပြတာလေ။
ရှင်မွေ့နွန်း မင်းနန္ဒာ ရုပ်ရှင်ဇာတ်ကားပြတုန်းကပေါ့။
မင်းသား မင်းနန္ဒာက ရန်ကုန်တစ်ဖက်ကမ်းသန်လျင် မှာရှိတဲ့ ရှင်မွေ့နွန်းဆီကို ငမိုးရိပ်မိချောင်း စီးပြီး သွားတွေ့တယ်လေ။ ငမိုးရိပ်မိချောင်းကလည်း ရန်သူ ငလက်မ မိချောင်းရန်ကနေ အကာအကွယ် ပေးတဲ့အနေနဲ့ မင်းနန္ဒာကို အာခံတွင်းထဲငုံပြီးခေါ်သွားတယ်။ တစ်ရက်တော့ ငမိုးရိပ်မိချောင်းက အာခံတွင်း ထဲမှာ မင်းနန္ဒာရှိနေတာကို သတိမေ့သွားပြီးမျိုချလိုက်တော့ မင်းနန္ဒာ သေပွဲဝင်သွားရတာပေါ့။ မင်းနန္ဒာ သေပြီဆိုတာကို ရှင်မွေ့နွန်းက ကြားတဲ့အခါ ရင်ကွဲနာကျသေတယ်ပေါ့။ သူတို့နှစ်ယောက်ကို မီးသဂြိုလ်တော့ သူတို့ရဲ့ မီးခိုးငွေ့တန်းနှစ်ခုဟာ ကောင်းကင်မှာ ဆုံဆည်းကြရှာတယ်။ ဇာတ်လမ်းအစအဆုံး ကြည့်ထားပြီးတဲ့ ပရိတ်သတ်က အချစ်ကြီးသူတွေရဲ့ဇာတ်သိမ်းခန်းဟာ ဝမ်းနည်းစရာကောင်းတော့ ရုပ်ရှင်ထဲဈာန်ဝင်ပြီး ငိုကြတာပေါ့။ ဒီအချိန်မှာ ဇာတ်လမ်းဆုံးကာနီးမှ ရောက်လာတဲ့ တရုတ်ကြီးက ဘာမသိညာမသိနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ပရိတ်သတ်ကိုကြည့်ပြီးပြောတဲ့ စကားက....
“မီငိုနဲ့..မီငိုနဲ့..စီကောင်မျိုးကို မီစီနားရဘူး၊ စန်လင်ကို စန်မန်စီးပြီးစွားလို့ရတာကို မီချောင်းစီးသွားတော့ စေမှာပေါ့၊စေတာတောင်နည်းသေးတယ်…”တဲ့...
(မှတ်ချက်။ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။စကား လမ်းကြုံကို ဖေါက်သည်ချတာပါ။)

0 comments:
Post a Comment