အကြိုက်ဆုံး စကားများ...


““ကိုယ်သက်သာမှုကို မက်မောတဲ့သူဟာ သူတစ်ပါး အကျိုးစီးပွား ကိုမလုပ်ဘူး၊ တနည်းအားဖြင့် ကာယမစ္ဆရိယ ရှိတဲ့သူပဲ။ အများအကျိုးလုပ်တဲ့နေရာမှာ အသိဥာဏ်အရေးကြီးတယ်။ အသိဥာဏ်မပါပဲနဲ့ အများအကျိုးလုပ်တဲ့သူဟာ အသက်အသေခံ ပြီး ပဲလုပ်လုပ် အသိဥာဏ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့အလုပ်ဟာနွားလိုပဲ။””

(သီတဂူဆရာတော်ဘုရားကြီး)ဟန်းဂုရွာ မှ

““အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ”

(ဒေါ်အောင်ဆန်းဆုကြည် ) ဝိမုတ္တိရသ နှင့် ဓမ္မဂင်္ဂါ မှ

Wednesday, July 27, 2011

အာဆန်းမြို့တွင် မြန်မာအလုပ်သမား တစ်ဦး အလုပ်လုပ်ရင်း ရုတ်တရက် လဲကျ ကွယ်လွန်

သတင်း=ကိုစိုးမိုးသူ(MWTV သတင်းဌာန)
အောက်ဖေါ်ပြပါသတင်းသည် အလုပ်သမားရပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးအတွက် များစွာအထောက်အကူပြုနိုင်ပါသဖြင့် မျှဝေခြင်း ဖြစ်ပါသည်-

ဂျူလိုင်လ ၂၆ရက် မနက်၊ အာဆန်းမြို့ ၊ ကားကြမ်းခင်း ချည်မျှင် စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ရခိုင်အမျိုးသား ကိုစံမောင်(အသက်၃၉)ဟာ စက်ရုံတွင်း အလုပ်လုပ်နေရင်း ရုတ်တရက် လဲကျနေတာကို အတူ လုပ်ဖော်ကိုင်ဘက်များက တွေ့ရှိပြီး အနီးရှိ ဟန်းဂုဆေးရုံကို ပို့ဆောင်ပေးခဲ့သော်လည်း ကွယ်လွန်သွား ကြောင်း သိရပါတယ်။

အဲဒီစက်ရုံမှာ ကိုစံမောင်ဟာ တဦးတည်းသောနိုင်ငံခြားသား အလုပ်သမား ဖြစ်ပြီး နေ့ဆိုင်းတပတ် ညဆိုင်း တပတ် တလှည့်စီ အလုပ်ဆင်းတဲ့ စနစ်နဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာစက်ရုံထဲ အလုပ်လုပ်တဲ့အခါမှာလည်း တဦးတည်း အလုပ်လုပ်ရလေ့ရှိတာ ကြောင့် သူလဲကျသွားချိန်ုတုန်းက မျက်မြင်သက်သေမရှိဖြစ်ကာ ဘာကြောင့် ဘယ်လို လဲကျသွားရတယ် ဆိုတာကို အတိအကျ သိဖို့ ခက်ခဲနေပါတယ်။
စက်ရုံဘက်ကအဆိုအရ အရင် ဆေးစစ်ချက်များအရ သူ့မှာ ဆီးချို၊ သွေးတိုးရှိတယ်လို့ သိရပါတယ်။ ဒါပေ မယ့် သူဟာ မကွယ်လွန်မီ ရက်အနည်းငယ်ကပင် မိတ်ဆွေများနဲ့အတူ ဘောလုံးကန်ကစားနိုင်တဲ့ အထိ ကျန်းမာရေး အထူးကောင်းမွန်သူတဦး ဖြစ်တာကြောင့် ရုတ်တရက် ကျန်းမာရေးချို့ယွင်းပြီး လဲကျသွားတယ် ဆိုတာဟာ ယုံရက်ခက်နေကြောင်း သူနဲ့ ခင်မင်ရင်းနှီးသူ မိတ်ဆွေတဦးက ပြောပြပါတယ်။

လက်ရှိသူ့ရဲ့ကိစ္စကို မြန်မာအသင်း နဲ့ ဘူချွန်းနိုင်ငံခြားသားအလုပ်သမားစင်တာတို့က လိုက်လံဆောင်ရွက်ပေး နေကြောင်း သိရပါတယ်။

ကွယ်လွန်သူဟာ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ၊ အီးပီအက်စ် စနစ်ဖြင့် တောင်ကိုရီးယားသို့ ၀င်ရောက် လာပြီး ကွယ်လွန်တဲ့အထိ အဲဒီ စက်ရုံတစ်ရုံတည်းမှာပဲ အလုပ်လုပ်ကိုင်သွားခဲ့ပါတယ်။ သူ့မှာ ရန်ကုန်မြို့တွင် နေထိုင်တဲ့ ဇနီးနဲ့ သမီး ၁ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရပါတယ်။

ကိုရီးယားနိုင်ငံမှာ နှစ်စဉ် လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ကွယ်လွန်သွားသူ ရွှေ့ပြောင်းအလုပ် သမားအရေအတွက်က နှစ်စဉ် တိုးပွားလျှက်ရှိပါတယ်။

ကိုရီးယားအလုပ်သမားဥပဒေအရ အလုပ်သမားတယောက် အထက်ရှိတဲ့ စက်ရုံမှာ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားအတွက် နစ်နာကြေးလျော်ကြေးကို ပေးရမယ်ဆိုတဲ့ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု လျော်ကြေး ဆိုင်ရာ ဥပဒေဆိုတာ ပါရှိပါတယ်။ အဲဒီအတွက် လုပ်ငန်းရှင်တိုင်းဟာ အစိုးရထံ လစဉ် အာမခံကြေးကို မဖြစ်မနေ ပေးဆောင်ရပြီး ထိခိုက်ခံရသူ အလုပ်သမားဟာ သူ့ရဲ့ လျော်ကြေးငွေကို အစိုးရပိုင် အလုပ်သမား လူမှုဖူလှုံရေးဌာန(ဂွန်လိုဘို့ဂျီဂုန်ဒန်-근로복지공단)မှာ တောင်းယူနိုင်ပါတယ်။

ဒါပေမယ့် လုပ်ငန်းရှင်တိုင်းဟာ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုလျော်ကြေးဆိုင်ရာ အာမခံကြေးကို မဖြစ်မနေ ပေးဆောင်ရမယ်ဆိုတဲ့ ဥပဒေကို မလိုက်နာကြပါဘူး။ ပြဿနာက အာမခံကြေး ဆောင်လေ့မရှိတဲ့ အလုပ်ရှင် ဟာ သူ့အလုပ်သမားက ထိခိုက်မိတဲ့အခါ အလုပ်သမားကအလုပ်သမားဖူလှုံရေးဌာနထံ အကြောင်းကြားမှာကို စိုးရိမ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို တိုင်ကြားခြင်းကြောင့် အာမခံကြေး မပေး ဆောင်ခဲ့တဲ့ သူ့လုပ်ရပ်ကို အစိုးရက သိသွားပြီး ဒဏ်ငွေရိုက်မှာဖြစ်လို့ပါ။ ဒီ့အတွက်ကြောင့် သူတို့ဟာ အလုပ်သမားကို ဌာနကို မတိုင်စေပဲ တိုက်ရိုက် လျော်ကြေးပေး နှစ်သိမ့်လေ့ ရှိကြပါတယ်။

ဒါပေမယ့် အလုပ်သမားတော်တော်များများဟာ လျော်ကြေးကို အလုပ်ရှင်က ပေးတာလို့ ထင်နေကြပေမယ့် အမှန်တော့ လျော်ကြေးကို အစိုးရ(အလုပ်သမားလူမှုဖူလှုံရေးဌာန)က ပေးတာဖြစ်တာကြောင့် အလုပ်ရှင်က ပေးမှာ မပေးမှာဆိုတဲ့အပေါ် စိုးရိမ်၊ အာရုံစိုက်တာထက် ကိုယ့်ထိခိုက်မှုဟာ လုပ်ငန်းခွင်တွင်းထိခိုက်မှုဖြစ် ကြောင်း သက်သေပြနိုင်မယ့် အရာတွေအပေါ်မှာသာ အလေးပေး အာရုံစိုက်သင့်ပါတယ်။

စက်ရုံထဲမှာ အလုပ်လုပ်ရင်းထိခိုက်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်အမှားကြောင့်၊ အတူအလုပ်လုပ်သူရဲ့အမှားကြောင့်ပဲ ဖြစ်ဖြစ် ထိခိုက်တာ၊ ကွယ်လွန်တာဆိုရင် လျော်ကြေး ရနိုင်ပါတယ်။ နဂိုရှိရင်းစွဲ ရောဂါအခံတခုခုကြောင့် ဆိုရင် တော့လျော်ကြေးရဖို့ခဲရင်းနိုင်ပါတယ်။

ဒါပေမယ့် ရောဂါအခံရှိတဲ့သူဟာ စက်ရုံထဲမှာ တိုက်ရိုက် ထိခိုက်လို့ မဟုတ်လဲ အလုပ်ချိန်များလွန်းပြီး အလုပ် ပင်ပန်းမှု၊ စိတ်ဖိစီးမှုကြောင့် ရောဂါ ပိုဆိုးလာကာ ကွယ်လွန်သွားရင်လဲ လျော်ကြေးရနိုင်တာကြောင့် ကွယ်လွန်သူရဲ့ တနေ့အလုပ်ချိန် နဲ့ တလအလုပ်ချိန် ပျမ်းမျှနာရီပေါင်း၊ မကွယ်လွန်မီက စက်ရုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို စုံစမ်းသင့်ပါတယ်။

ပြီးတော့ ကွယ်လွန်ရခြင်းအကြောင်းရင်းကို စစ်ဆေးတဲ့ ဆရာဝန်ရဲ့ မှတ်ချက်ကလည်း အရမ်း အရေးကြီးပါ တယ်။ လျော်ကြေး ရနိုင်မရနိုင်ဆိုတာကို အလုပ်သမားလူမှုဖူလှုံရေးဌာနက ဆုံးဖြတ်ပေးတာကြောင့် အလုပ် ကြောင့်ကွယ်လွန်တာဖြစ်ကြောင်း မှတ်ချက်ပေးတဲ့ ဆရာဝန်ရဲ့ ဆေးစစ်မှတ်တမ်းက လျော်ကြေးရနိုင်ဖို့အတွက် အထူးအရေးပါတဲ့ အကောင်းဆုံး အထောက်အထားဖြစ်ပါတယ်။

အကယ်၍ လူမှုဖူလှုံရေးဌာနက လျော်ကြေးပေးဖို့ ငြင်းဆိုတယ်ဆိုရင် တရားစွဲဆိုနိုင်ပြီး ဒီလိုကိစ္စမျိုးဟာ အနိုင်ရချေများတာကြောင့် ကျွမ်းကျင်တဲ့ အလုပ်သမားရေးရာ ရှေ့နေနဲ့တိုင်ပင်ပြီး ဆောင်ရွက်သင့်ပါတယ်။ တရားစွဲဆိုတဲ့အခါ အမှုပြီးတဲ့အထိ ကာလက အတော်ကြာလေ့ရှိပေမယ့်နိုင်ငံခြားသားအလုပ်သမားဆိုရင်တော့ အစိုးရက ကြိုတင် လျော်ကြေးပေးပြီး နောင်မှ အလုပ်ရှင်ဆီက ပြန်တောင်းတဲ့ စနစ်လည်း ရှိတာကြောင့် ဒါကို ကောင်းကောင်း အသုံးချတတ်ဖို့ လိုအပ်ပါတယ်။

သာဓက တခုပေးမယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်တုန်းက ထိုင်းအလုပ်သမားတဦးဟာ အလုပ်ပင်ပန်းမှုကြောင့် အလုပ်လုပ်နေရင်း လဲကျ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူက လျော်ကြေးပေးဖို့ငြင်းတဲ့ အလုပ်သမား လူမှုဖူလှုံရေးဌာနကို တရားစွဲဆိုခဲ့ပါတယ်။ အထောက်အထားတွေအရ ကွယ်လွန်သူရဲ့ တလအလုပ်ချိန်ဟာ နာရီပေါင်း ၃၈၀ကျော်ပါတယ်။ ဒါကြောင့် တရားသူကြီးက ကွယ်လွန်သူဟာ ရှည်လျားလွန်းတဲ့ အလုပ်ချိန် ကြောင့် ပင်ပန်းနွမ်းနယ် စိတ်ဖိစီးပြီး ကွယ်လွန်တာဖြစ်တယ်လို့ မှတ်ချက်ပေးကာ ဌာနအနေနဲ့ လျော်ကြေးပေး ရမယ်လို့ အမိန့်ချမှတ်ပေးခဲ့ဖူးပါတယ်။
နိဂုံးချုပ်အနေနဲ့ ကိုရီးယားကို မိမိနဲ့ မိမိမိသားစုအတွက်ဆိုတဲ့ ဘ၀မျှော်လင့်ချက်တွေကို ရှင်သန်စေဖို့ ကျန်းမာတဲ့ ကိုယ်၊စိတ်နဲ့ ၀င်ရောက်လာသူတွေ အားလုံး ကျန်းမာတဲ့ ကိုယ်၊စိတ်နဲ့ပဲ အမိတိုင်းပြည်ကို ပြန်သွားနိုင်ဖို့က အရာအားလုံးထက် ပိုမို အရေးကြီးကြောင်း တင်ပြလိုက်ပါတယ်။

READ MORE......

Thursday, July 21, 2011

티아라 - 롤리폴리

READ MORE......

Friday, July 15, 2011

MWTV မြန်မာသတင်းမှထုတ်လွင့်သွားသော သေဆုံးသူနီပေါအလုပ်သမား၏သတင်း

ထုတ်လွင့်တင်ဆက်သူ=ကိုစိုးမိုးသူ(MWTV သတင်းဌာန)

"ကျေးဇူးပြုပြီး အဖြစ်မှန်ပေါ်ပေါက်အောင် စုံစမ်းပေးပါ""ဒဲဂူးမြို့၌ နီပေါရွှေ့ပြောင်းအလုပ်သမား မိမိကိုယ်ကို သတ်သေသွား"

READ MORE......

Tuesday, July 12, 2011

“တဖက်စောင်းနင်းဖြစ်နေတဲ့ ကိစ္စတွေကို မီဒီယာက ထောက်ပြရမယ်”

ှ်ဧရာဝတီ သတင်း စာမျက်နှာပေါ်က သတင်းပါ။ ထပ်ဆင့်မျှဝေလိုက်ပါသည်။

ဇွန်လ ၃ ရက်နေ့ထုတ် HOT NEWS ဂျာနယ်ပါ “ပုဂ္ဂလိက ဆေးခန်း SSC ၏ ၀န်ဆောင်မှု” အမည်ရှိ မျက်နှာဖုံး ဆောင်းပါးတွင် ရွှေဂုံတိုင် အထူးကု ဆေးခန်း (SSC) ၏ ဝန်ဆောင်မှု အားနည်းချက်များကြောင့် ပြည်သူလူထု နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း ရေးသားထားသဖြင့် SSC က HOT NEWS ဂျာနယ်ကို အသရေဖျက်မှုတမှု၊ နစ်နာစေမှု လျော်ကြေး ကျပ် သိန်းပေါင်း ၂ သောင်း ရလိုမှု စသည့် အမှု ၂ ခုဖြင့် တရားစွဲဆို လိုက်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ ကို ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ်မေးမြန်းထားသည်။

HOT NEWS ဂျာနယ် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ သည် ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်း၏ သမီးဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာလည်း ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သည်။

ဇူလိုင် ၈ ရက်နေ့က ကျင်းပသည့် HOT NEWS ဂျာနယ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ HOT NEWS ဂျာနယ် စာမျက်နှာပေါ်မှာ “ပုဂ္ဂလိက ဆေးရုံ SSC ရဲ့ ၀န်ဆောင်မှု” ဆိုပြီး ရေးသား ဖော်ပြဖြစ်တဲ့ အကြောင်း သိပါရစေ။
ဖြေ။ ။ SSC မှာဆေးကုသမှု ခံယူပြီး သေဆုံးသွားတဲ့သူရဲ့ မိသားစုက ရက်လည်တဲ့နေ့မှာ SSC ဆေးခန်းရဲ့ ၀န်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့် ပြောဆိုလာတာပါ။ ကျမ အနေနဲ့ ကိုယ့်ဂျာနယ်ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြတဲ့ အကြောင်း အရာ မှန်သမျှ၊ ကိုယ်တိုင် ရေးသားတာပဲ ဖြစ်ဖြစ်၊ ကိုယ့် တိုက်က သတင်းထောက် ရေးသားတာပဲဖြစ်ဖြစ်၊ ပြင်ပ ဆောင်းပါးရှင် ရေးသားတာ ဖြစ်ဖြစ် ကိုယ်က တာဝန် ယူရမှာ ဖြစ်တော့ မှန်ကန်လားဆိုတာ အချက်အလက် စုရပါတယ်။ ကိုယ်က ဖြစ်ရပ်ကို သေချာ မေးမြန်း စုံစမ်းပြီး အချက်အလက်စုတာ အပြင်၊ ပုဂ္ဂလိက ဆေးရုံတွေ အပေါ်မှာ ပြဌာန်းထားတဲ့ ၂၀၀၇ ဥပဒေ ပြဌာန်းချက် ဆိုတာ ရှိတယ်။ တချို့ ၀န်ဆောင်မှုတွေမှာ အားနည်းချက် လေးတွေ ရှိတဲ့အပြင် ပြည်သူလူထု နစ်နာနေတာ လေးတွေ တွေ့လို့ ဖော်ထုတ် ရေးသားပြတဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆိုတာ အများ ပြည်သူအတွက် အရမ်းကို အရေးကြီးတယ်လို့ ခံယူထားတာကြောင့် သေချာ လုပ်ဖြစ်ခဲ့ပါတယ်။
ဆရာဝန်က ဆေးကုရမှာ ဖြစ်သလို၊ ကျောင်းဆရာက စာသင်ရမှာပဲ။ ဒီလိုပဲ သတင်းသမားက ပြည်သူလူထု နစ်နာနေတဲ့ ကိစ္စ တခုကို စာမျက်နှာပေါ်ကို အချက်အလက်မှန်တယ်ဆို ဖော်ပြရမှာပဲလေ။ မီဒီယာသမားတယောက် အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာလို့ ခံယူထားတယ်။ လူပုဂ္ဂိုလ် အနေနဲ့ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိဘူး။
မေး။ ။ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆို ခံထားရမှုအပေါ်မှာ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားဖို့ရှိလဲ။
ဖြေ။ ။ လောလောဆယ် ကိုယ်က တရားခံနေရာ၊ တရားစွဲ ခံထားရတဲ့ နေရာမှာ ရောက်နေတော့ မိန်းကလေးဖြစ်တဲ့ အပြင် ဒီလိုမျိုးတွေ မကြုံဘူးတာကြောင့် မကြောက်ဘူးလို့ ပြောရင်လည်း လိမ်ရာကျမှာပါ။ ကျမ ရင်ဆိုင်ရတဲ့ တဘက်က အင်အား ကြီးတာလည်း တခုပါတယ်။ ဒါပေမယ့် သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဖျက်ပြီး ထိခိုက်နစ်နာစေတဲ့ ဆန္ဒသဘောထားနဲ့ ပုတ်ခတ် ရေးသားထားတာ မရှိတာကြောင့်ရယ်၊ နောက်တခုက အများပြည်သူ နစ်နာတဲ့ ကိစ္စတခုကို လုပ်လိုက်မိလို့ အခုလို တရားစွဲခံရတာ ဖြစ်တာကြောင့် သတ္တိမွေးပြီး ရင်ဆိုင်သွားဖို့ စိတ်ကူးတယ်။ ကျမဘက်က ရုံးတော်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမှာပါ။
မေး။ ။ လက်ရှိ အခြေအနေမှာ သတင်းမီဒီယာတွေ လွတ်လပ်စွာရေးသားခွင့်နဲ့ ပတ်သက်ပြီး ရနေကြတယ်လို့ ပြောဆိုကြ တယ်။ အခုဖြစ်သွားတဲ့ ကိစ္စရပ်ကြောင့် တစုံတရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ထင်လား။
ဖြေ။ ။ လက်ရှိ အမတို့ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းနေတဲ့ အချိန်ဖြစ်တယ်။ အားလုံးကတော့ ကိုယ့် တိုင်းပြည်ကို ကောင်းစေချင်ပါတယ်။ ဒီလို စနစ်တခုကို ပြောင်းလဲနေတဲ့ အချိန်မှာ အုပ်ချုပ်တဲ့ အကြီးအကဲသာမက တိုင်းသူ ပြည်သားတွေကပါ ၀ိုင်းလုပ်ရမယ့် အချိန်တခုလို့ မြင်ပါတယ်။ ဒီအချိန်မှာ တဖက်စောင်းနင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို မီဒီယာ က ထောက်ပြရမယ်၊ ဝေဖန်ရမယ်။ တိုင်းသူပြည်သား အများမြင်အောင် ချပြရမှာ ဖြစ်သလို၊ အကြီးအကဲတွေ မြင်အောင် ရေးပြရမယ်။ ဒါသည် မီဒီယာ တာဝန်ဖြစ်တယ်။
နစ်နာနေတဲ့ မိသားစု ကိုယ်တိုင်က လာပြောတာကို စာမျက်နှာပေါ်ကို တင်ပေးချိန်မှာ နစ်နာစေလိုတဲ့ ဆန္ဒမရှိဘဲ ၀န်ဆောင်မှု အားနည်းတာကို ထောက်ပြဝေဖန်တဲ့ သဘောပါပဲ။ မီဒီယာမှာ ပွင့်လင်းတိုးတက်မှု ရလာသလို၊ တဘက်မှာလည်း ပွင့်လင်းတိုး တက်ပြီး လွတ်လွတ်လပ်လပ် ထောက်ပြဝေဖန်တာကို လက်ခံနိုင်ဖို့လိုတယ်။ ဒီအချက်ကို သတိလစ်နေတယ်လို့ မြင်တယ်။
မေး။ ။ လက်ရှိ မီဒီယာ လောကမှာ စာပေ လွတ်လပ်စွာရေးသားခွင့်၊ မှန်ကန်တဲ့ အချက်အလက်တွေကို ကိုင်စွဲပြီး ထောက်ပြ ဝေဖန်ခွင့်တွေ ရလာပြီလို့ ထင်ပါသလား။
ဖြေ။ ။ တိုင်းပြည် စနစ်ပြောင်းနေတဲ့ ကာလမှာ ဥပဒေပြဌာန်းချက်တွေတောင် ပြောင်းနေတာပဲ၊ ပြောင်းသင့် ပြောင်းထိုက် တဲ့ စာပေလွတ်လပ်စွာ ရေးခွင့်တွေ ရမယ်လို့ ယုံကြည်တယ်။ မီဒီယာ သမားတွေ အနေနဲ့ ထောက်ပြဝေဖန်တဲ့ အမြင်အာရုံက စူးရှထက်မြက်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေးမှာ ထောက်ပြဝေဖန်မှုက အင်မတန် အသုံးဝင်တယ်၊ အကျိုးပြုတယ် ဆိုပြီး နိုင်ငံတော် အကြီးအကဲတွေက လက်ခံယုံကြည်တယ်လို့ ပြောတယ်။ ပြောတဲ့ လူတွေက နိုင်ငံတော် အကြီးအကဲတွေ ဖြစ်တော့ သူတို့ဂုဏ်ဒြပ်နဲ့ သူတို့ပြောတဲ့ စကားကို တာဝန်ယူတဲ့ လူကြီးလူကောင်း တွေဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အများနဲ့ လုပ်ရမှာဖြစ်တော့ ချက်ခြင်းမပြင်နိုင်တဲ့ လူတန်းစားအနည်းငယ် အတွက်ကတော့ ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကို အသွင် ကူးပြောင်းနေတဲ့ ကာလမှာ သည်းခံ စိတ်ရှည်ရမယ်လို့ မြင်ပါတယ်။

မေး။ ။ နစ်နာကြေး အနေနဲ့ ကျပ် သိန်းပေါင်း ၂ သောင်း တောင်းတဲ့အပေါ်မှာ ဘယ်လို ယူဆလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ် ခိုင်ရွှန်းလဲ့ရည် သေဆုံးသွားတုန်းက SSC က နစ်နာကြေး ကျပ်သိန်း ၁၀၀၀ ပေးခဲ့တာကို ပြန်သတိ ရမိတယ်။ လူ့အသက်ထက် တန်ဖိုးရှိတာ မရှိပါဘူး။ ဆင်းရဲသား တယောက် သေသေ၊ ၀န်ကြီးချုပ် တယောက်ပဲ သေသေ အသက်တချောင်းက အသက်တချောင်းပါပဲ။ သူများအသက် တန်ဖိုးက သူတို့အမှားဖြစ်လို့ သေဆုံးသွားစဉ်က သိန်း ၁၀၀၀ နဲ့ ပြီးသွားတယ်။ အခု သူတို့ ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာအတွက် သိန်း ၂ သောင်းတန်လားဆိုတာ ကျမ သူတို့ ဂုဏ်သိက္ခာ တကယ် ရှိမရှိ ရှာဖွေကြည့်ပါဦးမယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ အဂတိ လိုက်စားမှုမရှိဘဲ မှန်ကန်တဲ့ တရားစီရင်ချက်ကို ရမယ်လို့ မျှော်လင့်ပါသလား။
ဖြေ။ ။ ဥပဒေပြဌာန်းချက်ဆိုတာ နိုင်ငံတိုင်းမှာ လူတန်းစားမရွေးကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေ တခုကလည်း ဘက်လိုက်မှုမရှိဘဲ သာတူညီမျှ ပြဌာန်းထားတဲ့ ဥပဒေ တခုလို့ ယုံကြည်ပါတယ်။ တခုရှိတာက တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး ကျမ ပြောချင်တာက ဘယ်နေရာ ဘယ်အရပ် ဒေသမှာ ဖြစ်ဖြစ် သက်မဲ့ ဥပဒေ ပြဌာန်းချက် တွေက သမာသမတ် ရှိရှိ သူ့ဟာသူ တည်ရှိနေတာပါ။ ဒီဟာအပေါ်မှာ အသုံးပြုပြီး လုပ်ခွင့်ရတဲ့ တရားရေး ၀န်ထမ်းတွေထဲမှာ သမာသမတ်ကျတဲ့ တရားသူကြီးတွေ ရှိသလို၊ ငွေကြေးလာဘ်လာဘ မက်တဲ့ တရားသူကြီးတွေလည်း ရှိကောင်း ရှိပါမယ်။ ဘယ်လို စိတ်သဘောထားရှိတဲ့ တရားသူကြီးရဲ့ တရားခွင်ထဲကို ဒီအမှုက ရောက်မလဲ ဆိုတာကို မမျှော်မှန်း နိုင်ပါဘူး။ ကျမ ဘက်ကတော့ အမှန်တရား ပေါ်ပေါက်လာမယ်လို့ လက်ခံယုံကြည်ပါတယ်။ ။

READ MORE......

vodaegu.blogopot.com မှသည် voiceofdaegu.org သို့…

ဒယ်ဂူးအသံမှ ကူးယူဖော်ပြပါသည်။

ကိုရီးယားရောက် မြန်မာများ၊ အထူးသဖြင့် ဒယ်ဂူးမြို့အပါအဝင် ကိုရီးယားနိုင်ငံ အောက်ပိုင်းအနီးဝန်းကျင်ရှိ မြန်မာများ၏ သာရေးနာရေး၊ လူမှုရေးနှင့် အသိပညာ ဗဟုသုတအရေး စသည့် ကောင်းကျိုးတစ်ခုခုကို ဖြည့်ပေးနိုင်စေရန် ရည်ရွယ်ပြီး ဖန်တီးခဲ့သည့် ဒယ်ဂူးအသံ အင်တာနက် စာမျက်နှာတစ်ခုသည် စာဖတ်သူများ၏ အားပေးမှု၊ ဒယ်ဂူးအသံ ဝိုင်းတော်သားများ၏ အားဖြည့်မှု စသည်များကြောင့် ယခုဆိုလျှင် မြန်မာများ၏ အကျိုးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပေးလျက်ရှိပါသည်။

ဒယ်ဂူးအသံ အင်တာနက် စာမျက်နှာကို အစမ်းသဘော စမ်းသပ်ရာမှ အများအတွက် အကျိုးကောင်းများ ဖြစ်စေခဲ့သည်ကို လက်တွေ့မြင်လာရသည့်အခါ ဒယ်ဂူးအသံ ဝိုင်းတော်သားများ၏ စိတ်ထဲတွင် ဤစာမျက်နှာကို တစ်ဆင့်ခံအမည်ဖြင့် အသုံးပြုနေရသည့် အခွဲစာမျက်နှာထက် ကိုယ်ပိုင်အမည်တစ်ခု အနေဖြင့် အသုံးပြုကာ ပြည်တွင်းပြည်ပရှိ မြန်မာများအား ကျယ်ကျယ်ပြန့်ပြန့် ချပြလိုသည့် ဆန္ဒများ ထပ်တူဖြစ်ပေါ်လာကြပါသည်။ ထိုဆန္ဒအတိုင်းလည်း ကိုယ်ပိုင်ဒိုမိန်းတစ်ခု ဝယ်ယူအသုံးပြုနိုင်ရန် ကြိုးစားလာခဲ့သည်မှာ အချိန်အနည်းငယ် ကတည်းကပင် ဖြစ်ခဲ့ပါသည်။ သို့သော် ကိုယ်ပိုင်ဒိုမိန်းဝယ်ရန်အတွက် ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာများမှာ ကိုယ်ပိုင်ခရက်တစ်ကဒ် အသုံးပြုခွင့် မရှိသည်ကတစ်ကြောင်း၊ ရှိသည့် ကဒ်များဖြင့်လည်း ဝယ်၍အဆင်မပြေသည်က တစ်ကြောင်း စသည်များကြောင့် ကိုယ်ပိုဒ်အမည်ဖြင့် မသုံးနိုင်ဘဲ ဖြစ်ခဲ့ရပါသည်။

ယခုသော် ထိုဆန္ဒများ အလုံးစုံ ပြည့်ဝသွားခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်တို့၏ လိုအပ်ချက် အခက်အခဲကို ဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီ)၏ အင်တာနက် ဒိုမိန် (http://www.venvicitta.com/) ကို ဝယ်ယူလှူဒါန်းပေးခဲ့သည့် စေတနာရှင် အလှူရှင် နော်ဝေးနိုင်ငံရောက် ဆရာမ ဒေါ်မြကြေးမုံကပင် ဆရာတော်၏ အကြံပြုချက်အရ ဝယ်ယူလှူဒါန်း ပေးခဲ့ပါသည်။ ဆရာမ၏ ကျေးဇူးကြောင့်ပင် ယခုဆိုလျှင် ကျွန်တော်တို့၏ ဒယ်ဂူးအသံလေးသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်အိမ်လေးဖြင့် တင့်တင့်တယ်တယ်ဖြစ်ကာ မြန်မာများ၏ အကျိုးတစ်ခုခုကို ဆထက်ပို၍ အထောက်အပံ့ ဖြစ်စေတော့မည်မှာ အမှန်ပင် ဖြစ်ပါသည်။

သို့အတွက်ကြောင့်ပင် http://www.voiceofdaegu.org/ ကို ဝယ်ယူပံ့ပိုးပေးခဲ့သည် ဆရာမ ဒေါ်မြကြေးမုံအား ကျွန်တော်တို့ ဒယ်ဂူးအသံ ဝိုင်းတော်သားများက အထူးပင် ကျေးဇူးတင်ပါကြောင်း ဒယ်ဂူးအသံမှတစ်ဆင့် ထပ်ဆင့်လောင်းကာ မှတ်တမ်းတင်ရင်း ကောင်းမှုအစုကြောင့် တောင်းသမျှဆုများ တစ်လုံးတစ်ဝတည်း ပြည့်ပါစေရန် ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်ရပါသည်။

တစ်ဆက်တည်းပင် ကျွန်တော်တို့၏ ဒယ်ဂူးအသံကို အားပေးဖတ်ရှုကြသည့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ အပါအဝင် ပြည်တွင်းပြပရှိ မြန်မာများအား အသိပေးလိုသည်မှာ ယခုအချိန်မှစ၍ ကျွန်တော်တို့၏ ဒယ်ဂူးအသံသည် http://www.vodaegu.blogopot.com မှ http://www.voiceofdaegu.org အဖြစ် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်စာမျက်နှာဖြင့် ဆက်လက်အသုံးပြုသွားမည် ဖြစ်ပါသဖြင့် http://www.voiceofdaegu.org သို့သာ တိုက်ရိုက်ဝင်ရောက် အသုံးပြုနိုင်ပါကြောင်း အသိပေးတင်ပြရင်း http://www.vodaegu.blogopot.com မှ http://www.voiceofdaegu.org/ သို့ပြောင်းသွားခဲ့သည့် ဒယ်ဂူးအသံ၏ ကိုယ်ပိုင်စာမျက်နှာ အသစ်အား ဂုဏ်ပြုသည့်အနေဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

လေးစားစွာဖြင့်
ဒယ်ဂူးအသံ ဝိုင်းတော်သားများ

READ MORE......

Sunday, July 10, 2011

“စီကောင်မျိုးကို မစီနားရဘူး”(ဒီကောင်မျိုးကို မသနားရဘူး)

တစ်ချို့ လူတွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သနားစရာလူတစ်ယောက်မဟုတ်ဘူး ဆိုတာကို တရုတ်ကြီး ပြောတဲ့စကားနဲ့ ပြောရဦးမယ်။
ဒီစကားကို တဆင့်ဖေါက်သည်ပြန်ချတဲ့ သူငယ်ချင်း ကိုမြှားနတ်မောင်ကို ကျေးဇူးတင်ပါတယ်...။
ဒီလို ဒီလို...
ကျွန်တော်တို့ ငယ်ငယ်တုန်းက နယ်လှည့်ရုပ်ရှင်တွေကြည့်ရတယ်မဟုတ်လား။ ကွင်းပြင်ထဲမှာ ဇာတ်လမ်း ရုပ်ရှင်ကနေ ပိတ်ကားကြီးထောင်ပြတာလေ။
ရှင်မွေ့နွန်း မင်းနန္ဒာ ရုပ်ရှင်ဇာတ်ကားပြတုန်းကပေါ့။
မင်းသား မင်းနန္ဒာက ရန်ကုန်တစ်ဖက်ကမ်းသန်လျင် မှာရှိတဲ့ ရှင်မွေ့နွန်းဆီကို ငမိုးရိပ်မိချောင်း စီးပြီး သွားတွေ့တယ်လေ။ ငမိုးရိပ်မိချောင်းကလည်း ရန်သူ ငလက်မ မိချောင်းရန်ကနေ အကာအကွယ် ပေးတဲ့အနေနဲ့ မင်းနန္ဒာကို အာခံတွင်းထဲငုံပြီးခေါ်သွားတယ်။ တစ်ရက်တော့ ငမိုးရိပ်မိချောင်းက အာခံတွင်း ထဲမှာ မင်းနန္ဒာရှိနေတာကို သတိမေ့သွားပြီးမျိုချလိုက်တော့ မင်းနန္ဒာ သေပွဲဝင်သွားရတာပေါ့။ မင်းနန္ဒာ သေပြီဆိုတာကို ရှင်မွေ့နွန်းက ကြားတဲ့အခါ ရင်ကွဲနာကျသေတယ်ပေါ့။ သူတို့နှစ်ယောက်ကို မီးသဂြိုလ်တော့ သူတို့ရဲ့ မီးခိုးငွေ့တန်းနှစ်ခုဟာ ကောင်းကင်မှာ ဆုံဆည်းကြရှာတယ်။ ဇာတ်လမ်းအစအဆုံး ကြည့်ထားပြီးတဲ့ ပရိတ်သတ်က အချစ်ကြီးသူတွေရဲ့ဇာတ်သိမ်းခန်းဟာ ဝမ်းနည်းစရာကောင်းတော့ ရုပ်ရှင်ထဲဈာန်ဝင်ပြီး ငိုကြတာပေါ့။ ဒီအချိန်မှာ ဇာတ်လမ်းဆုံးကာနီးမှ ရောက်လာတဲ့ တရုတ်ကြီးက ဘာမသိညာမသိနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ပရိတ်သတ်ကိုကြည့်ပြီးပြောတဲ့ စကားက....
မီငိုနဲ့..မီငိုနဲ့..စီကောင်မျိုးကို မီစီနားရဘူး၊ စန်လင်ကို စန်မန်စီးပြီးစွားလို့ရတာကို မီချောင်းစီးသွားတော့ စေမှာပေါ့၊စေတာတောင်နည်းသေးတယ်…”တဲ့...

တရုတ်ကြီးတွေးတာက မင်းသား မင်းနန္ဒာဟာ သန်လျင်တဖက်ကမ်းကို သဗ္ဗွါန်စီးသွားလို့ရတာ မိချောင်း စီးသွားတော့သေမှာပေါ့ သနားစရာမလိုဘူးပေါ့…။ တရုတ်ကြီး စကားက ငိုအားထက် ရယ်အားသန်ပါပဲ။ ဒါပေမဲ့ တွေးကြည့်ရင် လောကမှာ တစ်ချို့လူတွေဟာ သူတို့ကိုယ်တိုင် ပြုကျင့်နေထိုင်တဲ့ အကျင့်စရိုက်တွေကြောင့် ဒီလိုလူတွေဒုက္ခရောက်ကြပေမဲ့လည်း သနားစရာမကောင်းဘူးဆိုတာ တရုတ်ကြီးပြောသလိုပဲ ပြောရ တော့မှာပဲဗျ…။
(မှတ်ချက်။ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။စကား လမ်းကြုံကို ဖေါက်သည်ချတာပါ။)

READ MORE......

ဆရာဖေမြင့် ၏ ဟောပြောချက်

၂၀၁၁ ကိုရီးယား စာပေဟောပြောပွဲတွင် ဆရာဖေမြင့် ဟောပြောချက်ကို နားဆင်နိုင်ပါပြီ။
ဟန်ဂူရွာ မှ ယူပါသည်-
Saya Pe Myint- No 1 by burmakorea
Saya Pe Myint- No 2 by burmakorea

READ MORE......

Thursday, July 7, 2011

ဆရာအော်ပီကျယ် ၏ ဟောပြောချက်

ကိုရီးယား နိုင်ငံတွင် ကျင်းပသော ၂၀၁၁ စာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ် ၏ ဟောပြောချက်...
ဟန်ဂူရွာ မှ ယူပါသည်။

APK--N0-1 by paw369maung
APK--N0-2 by paw369maung

READ MORE......

RECENT POSTS...

Grab this Widget